How to choose a vaccine
ကာကွယ်ဆေးကို ဘယ်လိုရွေးချယ်ကြမလဲ
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၁၉) ရက်မှာ Oxford တက္ကသိုလ်နှင့် UK အခြေစိုက် Astra Zeneca ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်တဲ့ ကာကွယ်ဆေးစီမံကိန်း မှနေ၍ ၎င်းတို့ရဲ့ ကာကွယ်ဆေးဟာလည်း အသက်ကြီးပိုင်းတွေမှာ ကာကွယ်မှုကောင်းကောင်းပေးနိုင်တဲ့ ရလာဒ်တွေ ရရှိနေပြီဆိုပြီး ကြေငြာခဲ့ပါတယ်။ Clinical Trial Phase 2 မှာ လူပေါင်း ၅၆၀ နှင့်ဆောင်ရွက်ခဲ့ပြီး Clinical Phase 3 ကိုဆက်လက်ဆောင်ရွက်နေပေမဲ့လဲ ရောဂါဒါဏ် အများဆုံးခံစားရတဲ့ အသက်အရွယ်တွေအတွက် မျှော်လင့်ချက်များရှင်သန်လာခဲ့တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။ ၎င်းကာကွယ်ဆေးဟာ Pfizer နှင့် Moderna တို့ရဲ့ ကာကွယ်ဆေး ကြေငြာချက်များ ထွက်ပေါ်လာခဲ့ပြီးရက်ပိုင်းအတွင်းမှာပဲ ထပ်မံထွက်ပေါ် လာခဲ့ တာပဲဖြစ်ပါတယ်။ Pfizer နှင့် Moderna တို့ရဲ့ ကာကွယ်ဆေးနှင့် မတူညီတဲ့ အချက်ကတော့ Pfizer နှင့် Moderna တို့ရဲ့ ကာကွယ်ဆေးဟာ မျိုးဗီဇ အစိတ်အပိုင်း တစ်မျိုး(mRNA) ကို အသုံးပြုထားတာဖြစ်ပြီး Oxford vaccine ကတော့ မျိုးဗီဇ ပြောင်းလဲ ထားတဲ့ ဗိုင်းရပ်စ် (Viral Vector) တစ်မျိုးကို အသုံးပြုထားတာပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ (၁၀) လလောက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ရောဂါကို ကာကွယ်နိုင်ဖို့ ကာကွယ်ဆေးကို ဆေးကုမ္ပဏီများစွာမှ ထုတ်လုပ်နိုင်ရန်ကြိုးပမ်းခဲ့ကြပြီး၊ ၎င်းတို့ကို အမျိုးအစားခွဲခြားကြည့်ပါက (၃)မျိုးတွေ့ရမှာဖြစ်ပါတယ်။
(၁) ဗီဇပစ္စည်း အသုံးပြု ကာကွယ်ဆေး (Nucleic Acid Vaccine)
(၂) ရောဂါပိုး အသုံးပြု ကာကွယ်ဆေး (Whole Pathogen Vaccine)
(၃) ရောဂါပိုး အစိတ်အပိုင်း အသုံးပြု ကာကွယ်ဆေး (Subunit Vaccine)
တို့ပဲဖြစ် ပါတယ်။
Nucleic Acid Vaccine ။ ၎င်း ကာကွယ်ဆေး အမျိုးအစားကိုထုတ်လုပ်နေတဲ့ ကုမ္ပဏီများမှာတော့ Pfizer နှင့် Moderna တို့ပါဝင်ပြီး ဗီဇပစ္စည်းအနေနှင့် mRNA ကို အသုံးပြုထားတာဖြစ်ပါတယ်။ ၎င်း ဗီဇပစ္စည်းဟာ Corona Virus ရောဂါကူးစက်ရာမှာ အရေးပါတဲ့ Spike Protein ကို ကိုယ်စားပြုတဲ့ ဗီဇပစ္စည်းပဲဖြစ်ပါတယ်။ အဆိုပါ ကာကွယ် ဆေး အမျိုးအစားသာ ထုတ်လုပ်အောင်မြင်ခဲ့ မယ်ဆိုရင် ပထမဉီးဆုံး ဗီဇ အသုံးပြု ကာကွယ်ဆေး ဖြစ်လာမှာဖြစ်ပါတယ်။ အဆိုပါကာကွယ်ဆေးကို ခန္ဓာကိုယ်ထဲ ထိုးသွင်း ပြီးနောက် လိုချင်တဲ့ နေရာကိုရောက်ရှိစေဖို့နှင့် အကျိုးသက်ရောက်မှုရရှိစေဖို့ကတော့ အဆီမော်လီကျူးများ (Lipid Nano Particles - LNP) ကို Delivery System အနေနှင့် အသုံးပြုထားတာဖြစ်ပါတယ်။ mRNA ကို LNP များနဲ့ထုပ်ပိုးပြီး လိုချင်တဲ့နေရာကို ရောက်ရှိစေ ပြီးရင်တော့၊ ခန္ဓာကိုယ်ထဲမှာပဲ အဆိုပါ ဗီဇပစ္စည်းကိုအသုံးပြုပြီး Corona Virus ရဲ့ Spike Protein ကိုထုတ်လုပ်စေမှာဖြစ်ပါတယ်။ အဆိုပါ Spike Protein မှ တစ်ဆင့် ခုခံအားစနစ်ကို နှိုးဆွပြီး Corona Virus အတွက် ကိုယ်ခံအားကို ရရှိစေမှာ ဖြစ်ပါတယ်။ Nucleic Acid Vaccine ကို အသုံးပြ၍ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ ကာကွယ်ဆေးထုတ်လုပ်ရာမှာ ကျော်ဖြတ်ရတဲ့ အဆင့်ပေါင်းများစွာကို ချန်လှပ်ထား နိုင်ပြီး အချိန်ကုန်သက်သာခြင်း၊ ကိုယ်ခံအားစနစ်ကို အချိန်တိုအတွင်းရရှိနိုင်ခြင်း၊ ဘေးထွက်ဆိုးကျိုး နည်းပါးခြင်းတို့ပဲဖြစ်ပါတယ်။ အားနည်းချက်များအနေနဲ့ကတော့ ထိန်းသိမ်းဖို့နှင့် သယ်ယူပို့ဆောင်ရန် ကန့်သတ်ချက်များပြားခြင်း၊ ထိုးသွင်းပြီးနောက် ဗီဇပပစ္စည်း ပျက်ဆီးသွားနိုင်ခြင်း၊ Booster Shot လိုအပ်ခြင်းတို့ပဲဖြစ်ပါတယ်။
Whole Pathogen Vaccine ။ ၎င်း ကာကွယ်ဆေး အမျိုးအစားကတော့ ယခင် အသုံးပြုနေကျ နည်းပညာအတိုင်း ရောဂါဖြစ်စေတဲ့ပိုးကို သက်မဲ့ဖြစ်စေ၍၎င်း၊ ချိနဲ့အောင် ပြုလုပ်၍၎င်း၊ မျိုးမပွားနိုင်အောင်ပြုလုပ်၍၎င်း ဆောင်ရွက်ပြီး ခန္ဓာကိုယ်ထဲ ထိုးသွင်းကာ ကိုယ်ခံအားစနစ်ကို နှိုးဆွစေတဲ့ အမျိုးအစားပဲဖြစ်ပါတယ်။ ၎င်းကာကွယ် ဆေးကိုထုတ် လုပ်နေတဲ့ ကုမ္ပဏီကတော့ ပေကျင်း အခြေစိုက် Sinovac Biotech ကုမ္ပ ဏီပဲဖြစ်ပါတယ်။ SAR COV 2 virus ရဲ့ inactivated version ကို အသုံးပြုပြီး ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံအချို့မှာ Clinical Trial အဆင့်တွေဆောင်ရွက် နေပြီး ကိုယ်ခံအားစနစ် တုံ့ပြန်မှုနည်းပါးနေသေးကြောင်း ထုတ်ပြန်ချက်များအရ သိရှိ ရပါတယ်။ AstraZeneca, Cansino Biologics, Sputnik V and Johnson & Johnson ကုမ္ပဏီ တို့ကတော့ Corona Virus ကို အသုံးမပြုပဲ အခြားအသုံးပြုနေကျ Virus တစ်မျိုးဖြစ်တဲ့ Adeno Virus ထဲကို Corona Virus ရဲ့ ဗီဇအစိတ်အပိုင်းထည့်သွင်းပြီး ကာကွယ် ဆေးထုတ်လုပ် နေတာ ဖြစ်ပါတယ်။ ၎င်းကိုတော့ Viral Vector Vaccine လို့လဲ ခေါ်ဆို ပါတယ်။ Vector အဖြစ်အသုံးပြုထားတဲ့ Adeno Virus ကိုလည်း မျိုးမပွားနိုင် အောင် နှင့် အန္တရာယ်မပြုနိုင်အောင် ပြုပြင်အသုံးပြုထားတာဖြစ်ပါတယ်။ လူ နှင့် ချင်ပန်ဇီ များကို ကူးစက် တတ်တဲ့ Adeno Virus နှစ်မျိုးလုံးကို အသုံးပြုနေကြတာကို တွေ့ရ ပါတယ်။ ၎င်းကာကွယ်ဆေး အမျိုးအစားကို ထိုးသွင်းပြီးနောက် သယ်ဆောင်သွားတဲ့ ဗီဇက Spike Protein ထုတ်လုပ်မှာပဲဖြစ်ပြီး၊ ၎င်းမှဆင့် ခုခံအားစနစ်ကို ရရှိစေမှာ ဖြစ်ပါ တယ်။ Adeno Virus ကို Delivery System အနေနှင့် အသုံးပြုတာပဲဖြစ်ပါတယ်။ ကောင်းကျိုးများ အနေနဲ့ကတော့ ပြည့်စုံကောင်းမွန်တဲ့ ခုခံအားစနစ်ကိုရရှိခြင်း၊ သယ်ယူ ပို့ဆောင် ထိန်းသိမ်းရန် ခက်ခဲမှုမရှိခြင်း တို့ဖြစ်ပြီး၊ အားနည်းချက်များအနေနဲ့ကတော့ ကိုယ်ခံအား စနစ်ကို ရရှိရန် အချိန်ပိုမို စောင့်ဆိုင်းရခြင်း၊ လိုအပ်တဲ့ကိုယ်ခံအားစနစ်ရရှိရန် ကာကွယ် ဆေးပမာဏ ချိန်ဆရာတွင် ခက်ခဲခြင်းတို့ပဲဖြစ်ပါတယ်။
Subunit Vaccine ။ ၎င်း ကာကွယ်ဆေးကတော့ ရောဂါဖြစ်စေတဲ့ပိုးတစ်ခုလုံး ကို အသုံးမပြုပဲ အစိတ်အပိုင်းတစ်ခု(သို့မဟုတ်)၎င်းပိုးမှထုတ်လုပ်တဲ့ Protein ကိုအသုံးပြုပြီး ကိုယ်ခံအားစနစ်ကို နှိုးစွစေပြီး ခုခံအားကိုရရှိစေတာဖြစ်ပါတယ်။ ၎င်း ကာကွယ်ဆေး အမျိုးအစားကို ထုတ်လုပ်နေတာကတော့ အမေရိကန်အခြေစိုက် Novavax ကုမ္ပဏီနှင့် Sanofi-GSK ကုမ္ပဏီများပဲ ဖြစ်ပါတယ်။ SAR CoV 2 ရဲ့ Spike Protein Nanoparticles များကို အသုံးပြုပြီး Recombinant Protein အဖြစ်ဖန်တီးကာ ကာကွယ်ဆေးအဖြစ် အသုံးပြုတာပဲဖြစ်ပါတယ်။ Clinical Trial Phase 1 &2 များဆောင်ရွက်နေပြီး Clinical Trial Phase 3 ကိုတော့ ၂၀၂၀ အကုန်မှာ ဆောင်ရွက်နိုင်မယ်လို့သိရပါတယ်။ Clinical Trial Phase 3 အောင်မြင်ပြီးရင်တော့ Sanofi-GSK ကုမ္ပဏီက ကာကွယ်ဆေး သန်း ၂၀၀ အထိထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ Protein Base Vaccine ဖြစ်တဲ့အတွက်ကြောင့် ခုခံ အားစနစ်ကို နှိုးဆွဖို့အတွက် Adjuvant ဆိုတဲ့ ပစ္စည်းတစ်မျိုး ထပ်ပေါင်းထည့်ပေး ရပါတယ်။ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီး တစ်လကျော်မှသာ ခုခံအားစနစ်ကိုရရှိမှာ ဖြစ်ပါတယ်။ ၎င်း ကာကွယ်ဆေးအမျိုးအစားရဲ့ အားသာချက်များအနေနဲ့ကတော့ သယ်ယူ ပို့ဆောင်ထိန်းသိမ်းရတဲ့ စားရိတ်နည်းပါးခြင်း၊ပြည့်စုံကောင်းမွန်တဲ့ ခုခံအားစနစ်ကိုရရှိခြင်း တို့ဖြစ်ပြီး၊ အားနည်းချက်များကတော့ ထုတ်လုပ်ရာတွင် အချိန်ကြာမြင့်ခြင်း၊ ခုခံအား စနစ်ကိုရရှိရန် အချိန်ပိုမိုစောင့်ဆိုင်းရခြင်း တို့ပဲဖြစ်ပါတယ်။
ကုန်ကျစားရိတ်များ အနေနှင့်ကတော့ နှုန်းထားများအတိအကျ မထွက်ပေါ် သေးပေမဲ့လဲ Nucleic acid vaccine များ အတွက် ဒေါ်လာ ၅၀-၆၀ ဝန်းကျင်၊ Viral Vector Vaccine များအတွက် ၁၀ ဒေါ်လာ ဝန်းကျင်၊ Protein Based Vaccine များအတွက် ဒေါ်လာ ၂၀ ဝန်းကျင်ကျသင့်မယ်လို့ ခန့်မှန်း ထားပါတယ်။ အခြား ထိန်းသိမ်းစားရိတ်၊ သယ်ယူပို့ဆောင်စားရိတ်၊ ထိုးနှံစားရိတ်များလည်း ထည့်သွင်းတွက်ချက်ရမှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ဘယ်လိုကာကွယ်ဆေးကို အသုံးပြုမလဲဆိုတာကတော့ နိုင်ငံရဲ့ ငွေကြေး အခြေအနေ၊ ကျန်းမာရေးအခြေခံ အဆောက်အဉီး အခြေအနေ၊ သယ်ယူပို့ ဆောင်ရေး အခြေအနေ၊ ထိုးနှံရမဲ့ လူဉီးရေ နှင့် ဉီးစားပေး အဆင့် အတန်း စသည့် အချက်များပေါ် မူတည်နေပါကြောင်း ...........................
ကိုးကား
(၁) https://www.livescience.com/most-promising-coronavirus-vaccine-candidates.html
(၂) https://www.niaid.nih.gov/research/vaccine-types Vaccine Types
(၃) https://www.businessinsider.com/leading-us-coronavirus-vaccines-how-they-work-compare-2020-10
(၄) https://www.phgfoundation.org/briefing/rna-vaccines.
Comments
Post a Comment