Covid နှှ့့်် ကာကွွယ််ဆေး

 

ကာကွယ်ဆေး

          ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ တတိယပတ်ထဲမှာပဲ အမေရိကန်အခြေစိုက် Moderna ကုမ္ပဏီမှ ၎င်းတို့ထုတ်လုပ်နေတဲ့ Covid 19 ကာကွယ်ဆေးဟာ ၉၅ % ထိရောက်မှုရှိ တယ်လို့ ကြေငြာခဲ့ပါတယ်။ ၎င်းကာကွယ်ဆေးဟာ အမေရိကန်နိုင်ငံမှာ ထုတ်လုပ်တဲ့ ဒုတိယမြောက် ကာကွယ်ဆေး ဖြစ်ပြီး ယခင်အပတ်ကလည်း Pfizer ကုမ္ပဏီမှ ၎င်းတို့ ထုတ်လုပ်နေတဲ့ Covid 19 ကာကွယ်ဆေးဟာ ၉၀% ထိရောက်မှုရှိကြောင်း ကြေငြာ ခဲ့ပါသေးတယ်။ ၎င်းကုမ္ပဏီ (၂) ခုမှ ထုတ်လုပ်ထားသော ကာကွယ်ဆေးများဟာ ထိရောက်မှုအပိုင်းမှာ ကွာခြားမှုမကြီးမားလှပေမဲ့ သိုလှောင်ရတဲ့ အဆင့်မှာတော့ ကွာခြား လှပါတယ်။ Pfizer ကထုတ်တဲ့ ကာကွယ်ဆေးဟာ အနှုတ် ၇၅ ဒီဂရီ စီ မှာထိန်းသိမ်း သိုလှောင်သယ်ဆောင်ရမှာဖြစ်ပြီး၊  Moderna ကထုတ်တဲ့ ကာကွယ်ဆေးဟာ အနှုတ် ၂၀ ဒီဂရီ စီ မှာထိန်းသိမ်း သိုလှောင်သယ်ဆောင်ရမှာဖြစ်ပါတယ်။ ထို့ပြင် Pfizer ကထုတ်တဲ့ ကာကွယ်ဆေးဟာ ရေခဲသေတ္တာထဲမှာ ၅ ရက်သာအထားခံမှာလို့ ဆိုကြပြီး၊  Moderna ကထုတ်တဲ့ ကာကွယ်ဆေးဟာ ရေခဲသေတ္တာထဲမှာ ၃၀ ရက်အထိ အထားခံမယ်လို့ဆို ပါတယ်။

          ဆိုတော့ကာ ကာကွယ်ဆေး တစ်ခုကို ဘယ်လိုထုတ်လုပ်ကြသလဲ ဘယ်လို ပါဝင်ပစ္စည်းတွေ ပါဝင်သလဲ  ကြည့်ကြရအောင်ပါ။ ကာကွယ်ဆေးတစ်ခုမှာ အဓိကပါဝင် တဲ့ ပစ္စည်းကတော့ ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားကို နှိုးဆွပေးမည့် Antigen ဖြစ်ပါတယ်။ အဆိုပါ Antigen ဟာ မိမိအကာအကွယ်ရလိုတဲ့ ပိုးရဲ့ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုလုံး(သို့) တစ်စိတ်တစ်ပိုင်း၊ ဒါမှမဟုတ် ပိုးရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းကို တုပ ပြုလုပ်ထားတဲ့ ပစ္စည်းကို အသုံးပြုတာဖြစ်ပါတယ်။ အခြားပါဝင်တဲ့ ပစ္စည်းတွေကတော့ ကာကွယ်ဆေးရဲ့ ထိရောက်မှုနှင့် လုံခြုံမှုကို အထောက်အကူပြုတဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတိုင်းဟာ သီးခြားရည်ရွယ်ချက်ရှိကြပြီး ထုတ်လုပ်မှု အဆင့်တိုင်း မှာ ဘေးကင်းရန်အတွက် စမ်းသပ်ထားပြီးဖြစ်ပါတယ်။ ကာကွယ်ဆေး အစိတ်အပိုင်း များကို အဓိကပါဝင်ပစ္စည်းနှင့် အထောက်အကူပြု ပစ္စည်းဆိုပြီး (၂) မျိုးခွဲခြားနိုင်ပါတယ်။

          အဓိကပါဝင်ပစ္စည်းဖြစ်တဲ့  Antigen ဟာအထက်မှာတင်ပြခဲ့တဲ့ အတိုင်း မိမိအကာ အကွယ်ရလိုတဲ့ပိုးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုလုံး(သို့) တစ်စိတ်တစ်ပိုင်း၊ ဒါမှမဟုတ် ပိုးရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းကို တုပ ပြုလုပ်ထားတဲ့ ပစ္စည်းကို အသုံးပြုတာဖြစ်ပါတယ်။ အသုံးပြုတဲ့နေရာမှာလဲ အန္တရာယ်မဖြစ်စေတဲ့ ပမာဏ(သို့) အမျိုးအစားကို အသုံးပြုရမှာ ဖြစ်ပြီး အဆိုပါပစ္စည်းဟာ ခုခံအားစနစ်ကို နှိုးဆွစေမှာဖြစ်ပါတယ်။

          အထောက်အကူပြု ပစ္စည်းများအနေနဲ့ ကတော့ (၆) မျိုး အထိပါဝင် ထည့်သွင်း လေ့ရှိပါတယ်။

(၁) Preservative လို့ခေါ်တဲ့ ကာကွယ်ဆေးကို အခြား ပယောဂတွေရဲ့ ဖျက်ဆီးခြင်းမှ ကာကွယ်ပေးတဲ့ပစ္စည်းဖြစ်ပါတယ်။ အချို့ကာကွယ် ဆေး တွေဟာ ဆေးပုလင်းတစ်လုံးတည်းကို လူများစွာ အသုံးပြုရပါတယ်။ ထိုအခါမှာ ဆေး ပုလင်းကို ဖွင့်လိုက်ပိတ်လိုက် အသုံးပြုတဲ့အခါ ပြင်ပမှ မလိုလားတဲ့အရာတွေ ဝင်ရောက် ပြီး ကာကွယ်ဆေးကို ဖျက်ဆီးနိုင်တဲ့အတွက် အဆိုပါရန်မှကာကွယ်ရန် Preservative ပစ္စည်းကို ထည့်ရတာဖြစ်ပါတယ်။ တစ်ခါသုံး (သို့) တစ်ဉီးတည်းသုံး ကာကွယ်ဆေးများ မှာတော့ ထည့်လေ့မရှိပါဘူး။ အများဆုံးအသုံးပြုတဲ့ ဓါတုပစ္စည်းကတော့ 2 Phenoxy-ethanol ပဲဖြစ်ပါတယ်။ ၎င်းပစ္စည်းကတော့ ကာကွယ်ဆေးတွေမှာသာမက အလှကုန် ပစ္စည်းတွေနဲ့ လိမ်းဆေးများ နှင့် ပိုးသတ်ဆေးဖျန်းဗူးများမှာပါ အသုံးပြုကြတာ ဖြစ်ပါ တယ်။

          (၂)     Stabilizer လို့ခေါ်ပြီး ကာကွယ်ဆေးကို အပူ (သို့) အလင်းများ ထိတွေ့မှုကြောင့် ဓါတ်ပြုခြင်းမှ ကာကွယ်တဲ့ ပစ္စည်းပဲဖြစ်ပါတယ်။ Sugar, Amino Acid, Gelatin, Protein စသည်တို့ကို အသုံးပြုလေ့ရှိပါတယ်။

 (၃)    Surfactants လို့ခေါ်တဲ့ ပစ္စည်းပဲဖြစ်ပါတယ်။ သူကတော့ ကာကွယ်ဆေး အရည်ထဲမှာပါဝင်တဲ့ ပစ္စည်းတွေ အနည်ကျခြင်းနှင့် ခဲခြင်းမှ ကာကွယ်ပေးတဲ့ ပစ္စည်း  ဖြစ်ပါတယ်။

          (၄)     Diluent ဆိုတဲ့ ပစ္စည်းကတော့ ကာကွယ်ဆေးကို အသုံးပြုတဲ့ အခါမှာ လိုချင်တဲ့ ပမာဏနှင့် ပြင်းအားကို အချိန်တိုအတွင်းရရှိစေဖို့ ရောစပ် အသုံးပြုရတာ ဖြစ်ပါတယ်။ ပိုးသတ် ပေါင်ခံပြီးသား ရေကိုပဲ အသုံးပြုကြတာဖြစ်ပါတယ်။

          (၅)    Adjuvant ဆိုတဲ့ပါဝင်ပစ္စည်းကတော့ ကာကွယ်ဆေးရဲ့ ခုခံအားစနစ်ကို တိုးမြင့် စေတဲ့ ပစ္စည်းပဲဖြစ်ပါတယ်။ အချို့ ကာကွယ် ဆေးတွေမှာ ထည့်သွင်းပြီး အချို့ ကာကွယ်ဆေးတွေမှာ ထည့်သွင်းလေ့မရှိပါဘူး။ ကာကွယ်ဆေး ထိုးသွင်းထာတဲ့ နေရာမှာ ဆေးကို စုနေစေပြီး ကိုယ်ခံအားစနစ်ကို တိုးမြှင့် လှုံ့ဆော်စေတာဖြစ်ပါတယ်။

          (၆) နောက်ဆုံးပါဝင်ပစ္စည်းကတော့ Residuals များဖြစ်ပါတယ်။ ကာကွယ်ဆေး ထုတ်လုပ်မှုဖြစ်စဉ် တစ်လျှောက်မှာ ပေါ်ထွက်လာနိုင်တဲ့ ပစ္စည်းများဖြစ်ပြီး၊ အလွန်နည်း ပါးသော ပမာဏ အနေဖြင့် ပါဝင်နိုင်ပါတယ်။ ဆေးထုတ်လုပ်မှုအဆင့်ပေါ်မူတည်ပြီးလည်း ပါဝင်မှု ကွာခြားနိုင်ပြီး ကာကွယ်ဆေးအပေါ်တော့အကျိုးသက်ရောက်မှု မရှိရပါဘူး။

          ကာကွယ်ဆေး စတင်ထုတ်လုပ်ရန်စဉ်းစားရာမှာအဓိက အချက်ကတော့ ခန္ဓာကိုယ် ရဲ့ ခုခံအားစနစ်ကို နှိုးဆွရာမှာ အသုံးပြုဖို့ မည်သည့် Antigen ကို စိတ်ချလုံခြုံစွာ အသုံးပြု၍ ရနိုင်မလဲ ဆိုတာပါပဲ။ အဆိုပါ ရွေးချယ်တဲ့ အဆင့်ကိုကျော်ဖြတ်ပြီးရင်တော့ အထက်မှာတင်ပြခဲ့တဲ့ အတိုင်း ဖန်တီးထုတ်လုပ်တဲ့ အဆင့်ကိုရောက်ပါပြီ။ ထုတ်လုပ်ပြီး ရင်တော့ တိရိစ္ဆာန်များမှာ ဉီးစွာစမ်းသပ်ရပါတယ်။ မျှော်မှန်းထားတဲ့ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုရရဲ့လား၊ ဘေးထွက်ဆိုးကျိုး ဘာတွေရှိသလဲ စသည်ဖြင့် စမ်းသပ်ရပါတယ်။ တိရိ စ္ဆာန် များမှာစမ်းသပ်ပြီး အဆင်ပြေတယ်ဆိုရင်တော့ လူတွေမှာစမ်းသပ်ပါတယ်။ လူတွေမှာစမ်းသပ်တဲ့နေရာမှာလည်း အဆင့်(၃)ဆင့် ထားပြီးစမ်းသပ်ရတာဖြစ်ပါတယ်။ အဆင့်(၁) အနေနဲ့ ကျန်းမာရေးကောင်းမွန်တဲ့ စိတ်ပါဝင်စားသူ လူငယ်အနည်းငယ်နှင့် စတင် စမ်းသပ်ရပါတယ်။ ထိုမှတစ်ဆင့် အဆင့်(၂)မှာတော့ အသက်အရွယ်မျိုးစုံ၊ ကျား၊မ မျိုးစုံ လူရာဂဏန်းဖြင့်စမ်းသပ်ရပါတယ်။ နောက်ဆုံးအဆင့် (၃) အနေနဲ့တော့ လူမျိုး ပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ၊ ကျားမပေါင်းစုံ၊ နေရာဒေသပေါင်းစုံက လူများကို နည်းလမ်းအမျိုးမျိုးနှင့် စမ်းသပ်ရပါတယ်။  အဆိုပါစမ်းသပ်ချက် တစ်ဆင့်ချင်း ဆီမှ ရရှိတဲ့ အချက်အလက်များ ကိုပြန်လည်သုံးသပ်ပြီး နောက်ဆုံးထုတ်လုပ်တဲ့ အဆင့်ကိုဆောင် ရွက်ရတာဖြစ်ပါတယ်။

          Moderna ရဲ့ Vaccine ထုတ်လုပ်ဖို့အတွက် အဆင့် (၃) စမ်းသက်မှုမှာ အမေရိကန် နိုင်ငံ တစ်ဝှမ်းက လူပေါင်း ၃၀၀၀၀ ကျော်ပါဝင်ခဲ့ပြီး၊ Pfizer ရဲ့ vaccine စမ်းသပ်မှုမှာတော့ လုပေါင်း ၄၃၀၀၀ ကျော်ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါစမ်းသပ်မှုများ အပြီး မှာတော့ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကို အခုလိုထုတ်ဖေါ် ကြေငြာနိုင်ခဲ့ တာဖြစ်ပါတယ်။ ရောဂါဖြစ်ပေါ်ပြီး (၁၀) လအကြာမှာပေါ်ထွက်ခဲ့တဲ့ ကာကွယ်ဆေးကို သည်နှစ်ကုန်မှာ အမေရိကန်နိုင်ငံသား သန်း (၂၀) ကို ထိုးနှံပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ရုရှား၊ တရုတ်၊ အိန္ဒိယ အပါအဝင်အခြားနိုင်ငံတွေမှာ လည်း စမ်းသပ်မှုတွေပြုလုပ်နေကြပေမဲ့ တိကျတဲ့ ကြေငြာချက်မျိုးထွက်ပေါ်လာတာတော့ မတွေ့မိသေးပါဘူး။ နိုင်ငံအချို့လည်း ကာကွယ်ဆေး စမ်းသပ်ကာလမှာကတည်းက ကြိုတင်ဝယ်ယူမှုတွေ ဆောင်ရွက်နေကြ တာကို တွေ့ရှိရပါတယ်။ ကျနော်တို့ နိုင်ငံကို ကာကွယ်ဆေး ဘယ်အချိန် ရောက်လာမလဲ၊ ဘယ်လိုလူတွေ ဉီးစားပေးခံရမလဲ ဆိုတာကတော့ ရွှေရောင်ပိတ်ကားပေါ်မှာပဲ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ကိုးကား

၁။ https://www.thehealthsite.com/news/modernas-covid-19-vaccine-shows-more-than-94-5-effectiveness-780894/

၂။      https://www.nytimes.com/live/2020/pfizer-covid-19-vaccine

၃။      How are vaccine developed? Who.int

၄။    https://www.cnn.com/2020/09/04/health/russia-vaccine-immune-response-intl/index.html

 

         

Comments

Popular posts from this blog

How to choose a vaccine

Antibody treatment for covid

RIP Poison