ရောဂါပိုးအသစ် နှင့် ကာကွယ်ဆေး
ဗြိတိန်နိုင်ငံ ပြည်သူ့ကျန်းမာရေးဌာနမှ အဂ်လန်နိုင်ငံ ရှေ့ပိုင်းနှင့် တောင်ပိုင်းမှာ ကိုဗစ် ၁၉ ရောဂါ ထပ်မံကူးစက်ခံရသူများထဲမှ ၁၁၀၈ ဉီးဟာ ကိုဗစ် ၁၉ ရောဂါမျိုးကွဲ အသစ်ကူးစက် ခံရတာဖြစ်ကြောင်း ဒီဇင်ဘာ (၁၃) ရက်မှာအတည်ပြု ပြောကြားခဲ့ပါ တယ်။ အဆိုပါ ကိုဗစ် ၁၉ ရောဂါမျိုးကွဲ ကို VUI – 202012/01 ဟုသတ်မှတ်ထားကြပြီး၊ ရောဂါပိုးကူးစက်ရာမှာ အရေးပါတဲ့ spike protein မှာ မျိုးဗီဇထွန်းခြင်း (N501Y) ကြောင့်ဟု ထုတ်ပြန်ထားပါတယ်။ အဆိုပါ ကိုဗစ် ၁၉ ရောဂါမျိုးကွဲဟာ ရောဂါကူးစက် ခြင်းနှင့် ရောဂါဖြစ်ပွားခြင်းတို့မှာ အကျိုးသက်ရောက်မှု ရှိ၊မရှိ ကိုတိတိကျကျ မပြောနိုင် သေးပဲ သုတေသနပြုမှုတွေ ဆက်လက်ဆောင်ရွက်နေကြဆဲပဲ ဖြစ်ပါတယ်။ အဆိုပါ ကိုဗစ် ၁၉ ရောဂါမျိုးကွဲ တွေ့ရှိမှုနှင့်အတူ ဗြိတိန်နိုင်ငံမှာ ရောဂါကူးစက်မှုပြန်လည်ဖြင့်တက် လာတဲ့ အတွက် နိုင်ငံရဲ့နေရာအချို့ကို အမြင့်ဆုံး ထိန်းချုပ်ကန့်သတ်မှုတွေ ချမှတ်ခဲ့ ပါတယ်။
ကိုဗစ် ၁၉ ရောဂါမျိုးကွဲတွေနဲ့ပတ်သတ်ပြီး အီတလီ နိုင်ငံ ဘိုလော့ခ်နာ တက္ကသိုလ်မှ သုတေသနပညာရှင်များဟာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၄၈၆၃၅ ဉီးကိုလေ့လာချက်များအရ ကိုဗစ် ၁၉ ရောဂါမျိုးကွဲ (၆) ခု အား ၂၀၂၀ ပြည့်နှစ် ဩဂုတ် (၃) ရက်မှာ ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ ၎င်း ရောဂါမျိုးကွဲ (၆) ခုကို L ၊ S ၊ V ၊ G ၊ GR ၊ GH အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ L အမျိုးအစားကတော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ လမှာ တရုတ်နိုင်ငံ ဝူဟန်မှာ စတင်တွေ့ရှိခဲ့တဲ့အမျိုးအစားဖြစ်ပြီး နောက်ပိုင်းတွေ့ရှိမှု နည်းပါးလာပြီဖြစ်ပါတယ်။ ဒုတိယ တွေ့ရှိတဲ့ အမျိုးအစားကတော့ S အမျိုးအစားဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အစမှာတွေ့ရှိခဲ့ကာ အမေရိက နှင့် စပိန်မှာ အတွေ့များ ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ လလယ်လောက်မှာတော့ V နှင့် G အမျိုးအစားတို့ကို ဉရောပမှာစတင်တွေ့ရှိခဲ့ပါတယ်။ G အမျိုးအစားကတော့ ဉရောပမှာ အဖြစ်အများဆုံး အမျိုးအစား ဖြစ်ပြီး ၎င်းမှတစ်ဆင့် GR နှင့် GH အမျိုးအစားတို့ကို ဖေဖော်ဝါရီလ အကုန် မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ GR အမျိုးအစားဟာ တောင်အမေရိကတိုက်မှာ အများဆုံး တွေ့ရှိရပြီး၊ GH အမျိုးအစားကတော့ မြောက်အမေရိက တိုက်မှာအများဆုံးတွေ့ရှိရတဲ့ အမျိုး အစားများဖြစ်ကြပါတယ်။
ဗီဇထွန်းခြင်း (mutation) ဆိုတာကတော့ သတ္တဝါများမှာ ပိုင်ဆိုင်ထားတဲ့ မျိုးဗီဇပစ္စည်းများ ပြောင်းလဲ ခြင်းပဲဖြစ်ပါတယ်။ ဗီဇထွန်းခြင်းဟာ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ် (evolution) ရဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်ပြီး၊ သတ္တဝါများရဲ့ အသက်ရှင်နေထိုင်မှု အတွက်လည်း အရေးပါ လှပါတယ်။ သတ္တဝါများဟာ မိမိအသက်ရှင်နေထိုင်ရမည့် ပတ် ဝန်းကျင်နှင့် လိုက်လျော ညီထွေဖြစ်အောင် မိမိကိုယ်ကိုယ် ပြုပြင် ပြောင်းလဲ ရပါတယ်။ ဗီဇထွန်းခြင်း အမျိုးအစား များစွာရှိပြီး၊ ဗီဇထွန်းခြင်းကြောင့် ရရှိလာနိုင်တဲ့ အကျိုး အပစ်များလည်း များစွာပြောင်းလဲမှု ရှိနိုင်ပါတယ်။ ဆင့်ကဲဖြစ်စဉ်ရဲ့ အစိတ်အပိုင်း တစ်ခု အနေနဲ့သာမက အခြားအကြောင်း အရာများစွာ ( ဉပမာ - ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုများ၊ အခြားဓါတ်ရောင်ခြည် သင့်မှုများ၊ ပတ်ဝန်းကျင်အနေအထား စသည် ) တို့ကလည်း ဗီဇထွန်းခြင်းကို ဖြစ်ပေါ်စေ ပါတယ်။ ဗီဇထွန်းခြင်းကြောင့် သတ္တဝါမျိုးကွဲများ (Strains) ဖြစ်ပေါ်စေပါတယ်။ သတ္တဝါ မျိုးကွဲတစ်ခုမှာ ဗီဇထွန်းခြင်း တစ်ခု (သို့) တစ်ခုထက်ပိုပြီး ရှိနေနိုင်ပြီး၊ သတ္တဝါမျိုးကွဲ တစ်ခု ခြင်းစီမှာတော့ ရောဂါကူးစက်ပုံ၊ ရောဂါ ဖြစ်ပွားပုံနှင့် ရောဂါပြင်းထန်ပုံများ ကွဲပြား နေလေ့ရှိပါတယ် (ပုံ-၁)။ အဲ့ဒါကြောင့်လဲ ကိုဗစ် ၁၉ ရောဂါမျိုးကွဲများ များပြားလာတာနှင့်အမျှ ရောဂါဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ သေဆုံးနှုန်းများ တစ်နေရာနှင့် တစ်နေရာ မတူညီပဲ ကွာခြား နေကြတာဖြစ်ပါတယ်။ ဗီဇထွန်းခြင်းရဲ့ နှုန်းထားများဟာလည်း သတ္တဝါတစ်ခုနှင့် တစ်ခုတူညီလေ့ မရှိပါဘူး။ အဆင့်မြင့်သတ္တဝါများနှင့် မျိုးဗီဇတည်ဆောက်မှုအရ ရှုပ်ထွေး တဲ့ သတ္တဝါများမှာ ဗီဇထွန်းခြင်း နည်းပါပြီး၊ အဆင့်နိမ့် သတ္တဝါများနှင့် မျိုးဗီဇ တည်ဆောက်မှု ရိုးရှင်းတဲ့ သတ္တဝါများမှာ ဗီဇထွန်းခြင်း ဖြစ်ပေါ်မှု များပြား တတ်ပါတယ်။ အဲ့ဒါကြောင့် ဗိုင်းရပ်များရဲ့ မျိုးဗီဇ ထွန်းနှုန်းဟာ အဆင့်မြင့် သတ္တဝါများ ( ဉပမာ - လူ၊ မျောက် ) တွေရဲ့ မျိုးဗီဇ ထွန်း နှုန်းထက် များပြားနေတာကိုတွေ့ရမှာ ဖြစ်ပါတယ် (ပုံ - ၂)။ ထိုကဲ့သို့ မျိုးဗီဇ ထွန်းနှုန်း ကွာခြား ရတာဟာ သတ္တဝါတစ်ခုချင်းစီရဲ့ မျိုးဗီဇပြုပြင်တဲ့စနစ် (DNA repair mechanisms) တိကျမှုရှိခြင်းနှင့် စနစ် တကျ ဖြစ်ခြင်းတို့ ကွာခြားမှုကြောင့် ဖြစ်ပါတယ်။
ဗိုင်းရပ်စ်တွေထဲမှာမှ RNA ဗိုင်းရပ်စ် (ဉပမာ - Hepatitis C Virus (HCV), Ebola disease, SARS, influenza, polio measles ) နှင့် DNA ဗိုင်းရပ်စ် (ဉပမာ - herpesviruses, smallpox viruses, adenoviruses, and papillomaviruses) တို့ရဲ့ မျိုးဗီဇထွန်းနှုန်းဟာ ကွာခြားမှုရှိသေးပြီး၊ ယေဘုယျအားဖြင့် RNA ဗိုင်းရပ်စ် များရဲ့ မျိုးဗီဇ ထွန်းနှုန်းဟာ DNA ဗိုင်းရပ်စ် များထက် အဆ (၁၀၀) လောက်ပိုမိုများပြားလေ့ရှိပါတယ်။ ထိုသို့ များပြားရတဲ့ အကြောင်းအရာများ ကတော့ RNA ဗိုင်းရပ်စ်များ မှာ DNA repair mechanisms ကောင်းကောင်းမွန်မွန်မရှိခြင်း နှင့် RNA ဗိုင်းရပ်စ်များ ရဲ့ ဗီဇပစ္စည်း မှာ Uracil ပါဝင်မှုရှိနေသောကြောင့် ပိုမိုမှားယွင်း နိုင်ခြင်း တို့ကြောင့်ဖြစ်ပါတယ်။ ဗိုင်းရပ်စ်များရဲ့ မျိုးဗီဇထွန်းနှုန်း (mutation rate) များပြားလာတာနှင့်အမျှ ၎င်းတို့ ရဲ့ မျိုးကွဲအသစ်များ ပိုမိုပေါ်ထွက်လာနိုင်ပြီး၊ ၎င်းမျိုးကွဲသစ်များမှ ရောဂါကူးစက်ပုံ ကွဲပြားခြင်း၊ ရောဂါဖြစ်ပွားပုံ ကွဲပြားခြင်း၊ ဆေးယဉ်ပါးမှု များပြားလာခြင်း၊ ကာကွယ်ဆေး ကို တုံ့ပြန်ပုံ ကွဲပြားလာခြင်း စသည်တို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဉပမာအားဖြင့် ယခုနှစ် အသုံးပြုတဲ့ တုပ်ကွေး ရောဂါ ကာကွယ်ဆေးများဟာ နောင်နှစ်တွေမှာ ဆက်လက်အသုံး ဝင်ရန် မသေချာတော့ခြင်း တို့ဖြစ်ပေါ်လာနိုင်ပါတယ်။
ယခု အသစ်တွေ့ရှိတဲ့ ကိုဗစ် ၁၉ ရောဂါမျိုးကွဲ (VUI – 202012/01) ရဲ့ အကြောင်း အရာ များကို စုံစုံလင်လင် မသိရှိရသေးပဲ၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ အသစ်တွေ့ရှိတဲ့ မျိုးဗီဇထွန်းခြင်းဟာ လက်ရှိထုတ်လုပ်နေတဲ့ ကာကွယ်ဆေး အများစုမှာ အခြေခံပစ္စည်းအဖြစ် အသုံးပြုထားတဲ့ Spike Protein မှာ ဗီဇထွန်းခြင်း ဖြစ်နေတာကတော့ စဉ်းစားစရာ အချက်ဖြစ်ပါတယ်။ အဆိုပါမျိုးဗီဇပြောင်းလဲမှုကြောင့် လက်ရှိစတင်အသုံးပြုနေတဲ့ ကာကွယ်ဆေး များအပေါ် သက်ရောက်မှုရှိ၊ မရှိ အပေါ်တော့ စိုးရိမ်နေကြရပြီဖြစ်ပါတယ်။ ကျနော်တို့လို ကာကွယ်ဆေးကို ရွေးချယ်နေဆဲ နိုင်ငံတွေ အတွက်တော့ ဆက်လက်စောင့်ကြည့်ပြီး ဘယ်ကာကွယ်ဆေးအမျိုးအစားက ကိုယ့်နိုင်ငံ မှာဖြစ်ပွားနေတဲ့ ရောဂါပိုးအမျိုးအစားနဲ့ ကိုက်ညီမလဲ ဆိုတာ သုံးသပ် အသုံးပြုရမှာ ဖြစ်လို့ ကာကွယ်ဆေး မရသေးလဲ စိတ်မပူကြသေးပဲ ဆက်လက်စောင့်ကြည့်ကြပါဉီးလို့ .....................................။
ကိုးကား
Comments
Post a Comment