ပဠိပစ္စည်းနှင့်ကိုဗစ်မာယာ

 

ပဠိပစ္စည်းနှင့်ကိုဗစ်မာယာ

          လူတစ်ဉီးဟာ ရောဂါပိုးတစ်ခုခု ကူးစက်ခံရပြီးပါက ၎င်းရဲ့ ခန္ဓာကိုယ်မှ အဆိုပါ ရောဂါပိုးကို ကာကွယ်ရေးအတွက် ပဠိပစ္စည်း ထုတ်လုပ်ပါသလား။ ထုတ်လုပ်ပါတယ်လို့ပဲ ယေဘူယအားဖြင့် ဖြေဆိုရမှာဖြစ်ပါတယ်။ လူတစ်ဉီးဟာ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ပိုးအမျိုး အစားမြောက်များစွာအတွက် ပဠိပစ္စည်းပေါင်း (၁၀) ဘီလီယံခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရောဂါပိုးတစ်ခုစီအတွက် ပဠိပစ္စည်းပမာဏ ဘယ်လောက် ထုတ်သလဲ ဆိုတာကိုတော့ တိတိကျကျ ပြောဆိုလို့မရနိုင်ပါဘူး။ ဒါကိုယခုဖြစ်ပွားနေတဲ့ ကိုဗစ် (၁၉) ရောဂါမှာ သိသာထင်ရှားစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။ သုတေသနပြုလေ့လာ ချက်များ အရ ကိုဗစ် (၁၉) ရောဂါ ကူးစက်ခံရပြီး သက်သာလာသူများထဲမှ အချို့ရဲ့ သွေး နမူနာကို ထုတ်ယူစစ်ဆေးကြည့်တဲ့အခါ၊ လူနာအချို့ဆီမှာ ကိုဗစ်(၁၉)အတွက် ခန္ဓာကိုယ် မှထုတ်လုပ်တဲ့ ပဠိပစ္စည်းဟာ တိုင်းတာလို့ရတဲ့ ပမာဏထက်နည်းနေတာကို စစ်ဆေးတွေ့ ရှိရပါတယ်။ အချို့သုတေသနတွေမှာလဲ လူနာအချို့ဟာ ရောဂါလက္ခဏာပြပြီး ရက်ပေါင်း အတော်ကြာသည်အထိ ပဠိပစ္စည်းထုတ်လုပ်ခြင်း မရှိဘူးလို့လဲဆိုပါတယ်။ ပဠိပစ္စည်း ထုတ်လုပ် နိုင်တဲ့လူနာများထဲမှာမှ အသက်အရွယ်၊ ကျား/မ နှင့် အခြား အချက်အလက် များပေါ်မူတည်ပြီး ထုတ်လုပ်တဲ့ ပဠိပစ္စည်းပမာဏ အပြောင်းအလဲရှိတာကို တွေ့ရှိနိုင် ပါတယ်။ ထို့ပြင် ကိုဗစ်(၁၉) ရောဂါကူးစက်ခံရပြီးသူများဟာ ကိုဗစ်ရောဂါပိုးအတွက် ပဠိ ပစ္စည်းမျိုးစုံ (Spike protein, Nucleocaspid, Envelope protein) စသည်တို့ကို ထုတ်လုပ်မှာဖြစ်ပြီး၊ ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး ထိုးနှံ့ပြီးသူကတော့ ပဠိပစ္စည်း တစ်မျိုး (Spike protein) တည်းသာထုတ်လုပ်နိုင်မှာဖြစ်ပါတယ် (ပုံ-၁)။

ရောဂါကူးစက်ခံရပြီးပါက (သို့) ကာကွယ်ဆေး ထိုးနှံပြီးပါက ခန္ဓာကိုယ်မှ ပဠိပစ္စည်း (၂) မျိုး (Ig M နှင့် Ig G) တို့ကို အဓိက ထုတ်လုပ်မှာဖြစ်ပါတယ်။ Ig M ကတော့ ရောဂါ လက္ခဏာပြပြီး (၃) ရက်ခန့်မှာစတင်ထုတ်လုပ်ပြီး (၂၁) ရက် ခန့်မှာ ပျောက်ကွယ်သွား လေ့ရှိပါတယ်။ ၎င်း Ig M ကို မိမိခန္ဓာကိုယ်ထဲမှာ စစ်ဆေးတွေ့ရှိရင်တော့ လတ်တလော ရောဂါကူးစက်ခံထားရသူလို့မှတ်ယူနိုင်ပါတယ်။ Ig G ကတော့ ရောဂါလက္ခ ဏာပြပြီး (၇) ရက် ခန့်မှာစတင်ထုတ်လုပ်ပြီး၊ လပေါင်းအတော်ကြာ ခန္ဓာကိုယ်ထဲမှာ တည်ရှိနေကာ ရောဂါကာကွယ်မှုကိုပေးပါတယ်၊ ၎င်း Ig G ကို မိမိခန္ဓာကိုယ်ထဲမှာ စစ်ဆေးတွေ့ရှိရင်တော့ ၎င်းရောဂါအတွက် ကာကွယ်မှုရနေပြီလို့ ဆိုနိုင်ပါတယ်။ (ပုံ-၂)။ သုတေသန စမ်းသပ် ချက်များအရ ကိုဗစ်(၁၉) ရောဂါကူးစက်ခံရပြီးပါက နောက်ထပ်(၈)လခန့်အထိ ရောဂါဖြစ် ပွားခြင်းမှ ကာကွယ်နိုင်သည်ဟုဆိုကြသော်လည်း၊ အချို့သုတေသနများတွင်မူ ရောဂါ ကာကွယ်နိုင်စွမ်းမှာ ကြာမြင့်မှုမရှိကြောင်းရေးသားထားကြပါတယ်။

မိမိတို့ ခန္ဓာကိုယ်ရဲ့ ပဠိပစ္စည်း ထုတ်လုပ်နိုင်ခြင်းကို ထိန်းချုပ်ထားတဲ့ အကြောင်း အရာများကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

          (၁)  အခြေခံမျိုးဗီဇ - မိမိတို့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ထိန်းချုပ်သည့် အစိတ်အပိုင်း ပြောင်းလဲမှုရှိခြင်း

          (၂) အသက်အရွယ် - မွေးကင်းစကလေးများ နှင့် အသက်အရွယ် အလွန် အမင်း ကြီးရင့်သူများတွင် ပဠိပစ္စည်း ထုတ်လုပ်နိုင်မှုနည်းပါးခြင်း

          (၃) အစာ၊ အာဟာရ - အာဟာရချို့တည့်သူများ ၊ သက်စောင့်ဓာတ်နှင့် အသားဓါတ်ချို့တည့်သူများတွင် ပဠိပစ္စည်း ထုတ်လုပ်နိုင်မှုနည်းပါးခြင်း

          (၄) ရောဂါပိုးဝင်ရောက်သည့်လမ်းကြောင်း - ရောဂါပိုးဝင်ရောက်သည့် လမ်းကြောင်း (သို့) ကာကွယ်ဆေး ထိုးနှံသည့်နေရာပေါ်မူတည်၍လည်း ပဠိပစ္စည်း ထုတ်လုပ်နိုင်မှု ပမာဏ ပြောင်းလည်းနိုင်ပါသည်

          (၅) ရောဂါပိုးပမာဏ - ခန္ဓာကိုယ်တွင်းဝင်ရောက်သည့်ရောဂါပိုးပမာဏ နည်းလွန်း၊ များလွန်းလျှင်လည်း ပဠိပစ္စည်း ထုတ်လုပ်နိုင်မှု ပမာဏ ပြောင်းလည်း နိုင်ပါသည်

          (၆) ရောဂါပိုးတစ်ခုထက်ပို၍ ကူးစက်ခံရခြင်း - ရောဂါပိုးတစ်ခုထက်ပို၍ ကူးစက်ခံရပါက ခန္ဓာကိုယ်မှ ပဠိပစ္စည်း ထုတ်လုပ်နိုင်မှု ပမာဏ ပြောင်းလည်း နိုင်ပါသည်

          (၇) အကူပစ္စည်း (ကာကွယ်ဆေးများအတွက်) - ကာကွယ်ဆေးများတွင် အသုံးပြုသော အကူပစ္စည်း (adjuvant)အမျိုးအစားပေါ်မူတည်၍လည်း  ခန္ဓာကိုယ်မှ ပဠိ ပစ္စည်း ထုတ်လုပ်နိုင်မှု ပမာဏ နည်းပါး နိုင်ပါသည်

          (၈) ကိုယ်ခံအားချို့တည့်သူများ - နာတာရှည်ရောဂါသည်များ၊ ကင်ဆာ ရောဂါသည်များ၊ စတီးရွိုက်ဆေး ကောက်သုံးနေသူများ၊ အခြားရောဂါသည်များတွင်လည်း ခန္ဓာကိုယ်မှ ပဠိပစ္စည်း ထုတ်လုပ်နိုင်မှု ပမာဏ နည်းပါး နိုင်ပါသည်

လတ်တလောမှာတော့ ကူးစက်အလွန်မြန်တဲ့ ဗီဇပြောင်းရောဂါပိုးများ (အင်ဂလန်၊ တောင်အာဖရိက၊ ဘရာဇီး) စသည်ဖြင့် အပြိုင်အဆိုင်ပေါ်ထွက်လာနေကြပါတယ်။ ကာကွယ်ဆေးထိုးနိုင်တဲ့ နိုင်ငံတွေကလည်း အပြိုင်အဆိုင်ထိုးနှံနေကြပါတယ်။ ကာကွယ် ဆေးက ဗီဇပြောင်း ရောဂါပိုးကို ကာကွယ်မှုပေးမလား ဆိုတာကတော့ ယတိပြတ် မပြောနိုင်သေးပါဘူး၊ ကာကွယ်ဆေးထိုးပြီးမှ အချို့ဒေသတွေမှာ သေဆုံးမှုတွေရှိနေသလို၊ ရောဂါအစပျိုးခဲ့တဲ့ တရုတ်နိုင်ငံမှာပင် ကူးစက်မှုတွေ ပြန်လည်မြင့်တက်ခဲ့ပြီး ထိန်းချုပ် မှုများ ပြန်လည်လုပ်ဆောင်နေရပါတယ်။ တစ်ချို့နိုင်ငံတွေကိုဗစ်ကြောင့် စီးပွားဖြစ်နေ ကြသလို၊ တစ်ချို့နိုင်ငံတွေ ကိုဗစ်ကြောင့် စီးပွားပျက်နေကြပါပြီ။ စတင်ဖြစ်ပွား ကတည်းက ခန်းမှန်းရခက်တဲ့ ကိုဗစ် ရောဂါပိုးဟာ ဘယ်လိုဆက်လက် အသုံးတော်  ခံဉီးမလဲဆိုတာ ကို မက်(စ်)တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေရင်းနဲ့ပဲ ဆက်လက်စောင့် ကြည့်ရမှာ ဖြစ်ကြောင်းရေးသား လိုက်ရပါတယ်။

Comments

Popular posts from this blog

How to choose a vaccine

Antibody treatment for covid

RIP Poison